ဖူးစာဖက် အပိုင်း(၂) ဇာတ်သိမ်း

သူ့အပြောကို ဖူးဖူးက မယုံသလို မျက်စောင်းထိုးကာ ရေချိုးခန်းထဲမှထွက်သွား၏။ မတတ်နိုင်…သူမုသားပြောလိုက်ရပြီ။ သူ့စိတ်ထဲရှိတာတွေ အမှန်အတိုင်းပြောလိုက်ရင် ဟီရူရှီးမားအနုမြူဗုံးထက် ဆိုးသွားမှာ အသေအချာပင်။ သူ့အနေနှင့် ဖူးဖူးကို အပြစ်မြင်ကဲ့ရဲ့လိုခြင်းမဟုတ်။ အဝတ်အစားဝတ်ထားခြင်းနှင့် ဝတ်မထားခြင်းကြားတွင် အတော်ကွာခြားသွားပုံကို သူနားမလည်နိုင်လို့သာ ဖြစ်သည်။ ရောက်လက်စနဲ့ ပေါက်စရာရှိတာပေါက်ရင်း ပြန်ထွက်လာတော့ ဖူးဖူးက တဘက်လေး သေချာပတ်ကာ အိပ်ယာပေါ်ဝယ် ငုတ်တုတ်လေးခြေချထိုင်နေသည်။

“ဖူးလေး…”

“ဟင်…မျက်နှာလည်းမကောင်းပါလား….ဘာဖစ်လဲ ကို့ကိုပြောစမ်း”
ပြိုတော့မည့်မိုးနှယ် မျက်ရည်များဝဲကာ လက်ချင်းဆုပ်နယ်ပြီးထိုင်နေသော ဖူးဖူး မျက်နှာကိုမြင်တော့ မောင်မောင်မျိုးပြာသွားသည်။ သူချော့မော့မေးသော်လည်း ဖူးဖူးကမပြော။ ချော့ကာမှ ပိုဆိုးလာသလား မှတ်ရကာ မျက်ရည်များသွင်သွင်စီးကျလာသည်။ နောက်ဆုံးမောင်မောင်မျိုးတတွတ်တွတ်ပြောကာ မေး
လွန်းမက မေးမှ ရှိုက်သံတဟင့်ဟင့်နှင့်အတူ…..

“ဖူး…ဖူးကအပျိုမဟုတ်တာ ကိုသိတယ်မဟုတ်လား…”

“အာ……ဘာများလဲလို့…ဒါများဖူးရယ်….အပျိုမဟုတ်တော့ဘာဖြစ်လဲ…”

“အဲဒါတင်မကသေးဘူး……..ကို့မျက်လုံးတွေကိုဖူးသိပါတယ်……ဖူးကိုအားလုံးက လှလှပပလေးထင်ထားကြတာ……. မျက်နှာကလည်း မိတ်ကပ်တွေလိမ်းထားလို့သာ ကြည့်ကောင်းတာ… မျက်လုံးကလည်း မျက်ကပ်မှန်တပ်ထားတာ…. တကယ်တမ်းကျ ဖူးက အပြင်အဆင်တွေ အခုအခံတွေပါမှ လှတာ….အခု အကုန် ချွတ်လိုက်တော့ စိတ်ပျက်စရာကြီးမဟုတ်လား..”

မောင်မောင်မျိုးသက်ပြင်းချလိုက်သည်။ သူတွေးနေသောကိစ္စ ဖူးဖူးက ပြောလာလေပြီ။

“မဟုတ်ပါဘူး ဖူးရယ်…..ကိုယ်က တခါမှမမြင်ဖူးလို့နဲနဲအံ့သြသွားတာပါ…ဒီလိုတွေလုပ်ရတယ်မှန်း မသိလို့လေ….”

“ ဟုတ်တယ်…အဲဒါ push up bra လို့ခေါ်တယ်…ရင်သားမရှိတဲ့သူတောင် ဝတ်လိုက်ရင် ကြီးသွားသလိုထင်ရတာ……ဗိုက်ကလည်းပူနေလို့ ဗိုက်ချပ်ဘောင်းဘီဝတ်ထားရတယ်….ထဘီကိုလည်း ဒေါက်ပါတာဝတ်မှ….. တင်ပြားနေတာမသိသာအောင် ထဘီကိုဒေါက်သေချာထည့်ချုပ်ပီး ဝတ်ရတာ… ကိုအခုသိပြီလား….အဟင့်”

“သိပြီ သိပြီ…..ဟားဟားးး”

မောင်မောင်မျိုးတစ်ယောက် တွက်မရသော ပုစ္ဆာတပုဒ်အဖြေရသွားသည့်နှယ်ပျော်ရွင်စွာဖြင့် ဖူးဖူးကို ထဖက်လိုက်သည်။ ဖူးဖူးက အတင်းရုန်းထွက်ပြီး သူ့ကိုများလှောင်နေသလားဟူသော မျက်မှောင်ကျုတ် အကြည့်ကို မောင်မောင်မျိုးက လက်ကာခါ…..
“ဒီမယ် ဖူး….ကိုယ်က နားမလည်လို့သိချင်တာပဲရှိတာ…အခုသိတော့ကောဘာဖြစ်လဲ…ဖူးက ကိုယ့်ချစ်သူပဲ.. ဖူးအပျိုမဟုတ်တာကော ဘာအရေးလဲ……ကိုယ့်ကိုဖူးချစ်ရင်ကျေနပ်တယ်….ဒီလိုကိုယ်လုံးရှိတာလည်း ဘာဖြစ်လဲ….ကိုယ့်အတွက်ဖူးက လှနေပြီးသားပဲ…ကိုယ်ကသာ ကိုယ့်လိုပုံမလာပန်းမလာလူမျိုးကို ဖူးကပြန်ချစ်လို့ ဝမ်းသာနေရတာ…ဒါမျိုးတွေတွေးပြီးဝမ်းနည်းမနေနဲ့ကြားလား….အရင်လို လှလှပပလေးပဲနေ…ကိုယ်ချစ်ရင်ပီးတာပဲမဟုတ်လား…”

“ဒါ..ဒါပေမဲ့..ကိုက ဖူးကို လှလို့ချစ်တာမဟုတ်ဖူးလား…”

မောင်မောင်မျိုးသက်ပြင်းထပ်ချရပြန်သည်။ သူဖူးဖူးကိုလှလို့ချစ်ခဲ့ကြောင်းမငြင်းနိုင်ပါ။ အခုကျတော့ရော… သူစိတ်ထဲဘာမှမဖြစ်..ဘယ်လိုမှမနေ…ခါတိုင်းလိုပဲဖူးဖူးကိုသူချစ်သည်။ ဖူးဖူးသည် သူ့ဖူးစာဖက် ဖြစ်ရမည်ဟု ယုံကြည်ထားပြီး ဖြစ်သည်။ လက်ထပ်ဖို့အထိတောင်ရည်ရွယ်ထားပြီး ဖြစ်သည်။ ဖူးဖူး၏ဝမ်းနည်းတဝက်အားငယ်စိတ်တစ်ဝက်နှင့် မျက်နှာလေးကို သူစိုက်ကြည့်ရင်းခေါင်းခါပြလိုက်သည်။

“ဟင့်အင်း….ကို့ဖူးစာဖက်မို့လို့ချစ်တာ..သိလား..ဖူးကကိုယ့်ရဲ့ဖူးစာဖက်…”

မိုးရွာပြီး နေပြန်ထွက်လာကာစကောင်းကင်တွင် တိမ်ညိုမည်းများလွင့်စင်ပြေးထွက်ကုန်သလို ဖူးဖူးမျက်နှာလေး ပြုံးကာ ဝင်းပသွားရတော့သည်။

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top