ဦးဘတုတ် – အပိုင်း(၂) ဇာတ်သိမ်း

ကောင်မလေးအော်သံက အတော် ကျယ်သွားသည် ထင်သည်။ ရေချိုးနေတဲ့ အဖွားကြီးတောင် ရေဖလားကြီး လက်ထဲကိုင်ရင်း ဘိုသီဖတ်သီ ပြေးလာနေသည်။

” ကိုဘတုတ် . . . ဘာဖြစ်တာလဲ . . . ”

” ကျောင်းဆရာကွ . . ကျောင်းဆရာ . . တော်တော် လူမဆန်တာ . . တောက် ”

ကျောင်းဆရာအခန်းရဲ့ မီးဖိုတံခါးကို ဆွဲဖွင့်လိုက်သည်။ ဒေါသအရှိန်ကြောင့် အားတွေ ဘယ်ကရလာသည် မသိ။ အထဲက ထိုးထားသော တံခါးဂျက်ပါ ပြုတ်ထွက်လာသည်။

ဦးဘတုတ် တံခါးရိုက်ချိုးပြီး ဝင်လာတာတွေ့တော့ ပုဆိုးကို လက်နှစ်ဖက်နဲ့ မပြီး ကုန်းကုန်းကွကွကြီး ဖြစ်နေသော ကျောင်းဆရာ အံ့ဩသွားသည်။

” ဟာ . . ဦးလေး . . .”

” ဘယ်လိုဖြစ်တာလဲ ကျောင်းဆရာ . . ”

မီးဖိုထဲ ကြည့်လိုက်တော့ ၁ဝ နှစ်ဝန်းကျင်အရွယ် ကောင်မလေးက အခန်းထောင့်မှာ မတ်တပ်လေး ရပ်ပြီး ငိုနေသည်။ သူဝတ်ထားတဲ့ စကပ်လေးမှာ သွေးတွေပေနေသည်။ အိပ်ခန်းထဲက ကျောင်းဆရာရဲ့ ကလေးလေးက စူးစူးဝါးဝါး အော်ငိုနေသည်။ တစ်အိမ်လုံး ငရဲပွက်သလိုပင်။

” ကိုဘတုတ် . . ကိုဘတုတ် . . . ဘာဖြစ်ကြတာလဲ ”

” မောင်သက်နိုင် ဘယ်လိုဖြစ်တာလဲ . . . ”

အဖွားကြီးက နားမလည်ဟန်ဖြင့် နှစ်ယောက်လုံးကို တဆက်တည်း မေးလိုက်သည်။

” ကြောက်တယ် . . သမီးကြောက်တယ် . . . ဆရာ လုပ်ပါဦး . . . ”

ဦးဘတုတ်တို့ လှမ်းကြည့်လိုက်တော့ ကောင်မလေး ရှေ့မှာ ဂဏန်းတစ်ကောင်က လက်မ တထောင်ထောင် လုပ်နေသည်။ အကြီးကြီးမှ တကယ့်ကို အကြီးကြီး . . .။ ဒီလောက်ကြီးတဲ့ ဂဏန်းကို ဦးဘတုတ် တစ်ခါမှ မမြင်ဖူး . .။ တခြား ဂဏန်းတွေ ကလည်း ကြမ်းပေါ်မှာ ပြေးလွှားနေသည်။

ကျောင်းဆရာသည် ကောင်မလေးကို ပွေ့ချီလိုက်ပြီး ထမင်းစား စားပွဲပေါ် တင်လိုက်သည်။

” ဒီမှာနေ . . . နင့် ဂဏန်းက စားပွဲပေါ် မလာဘူး”

ကျောင်းဆရာ စိတ်ညစ်နေပုံရသည်။

“ဒီကလေးမလေးက ဘယ်သူတုန်း . . ”

“သူက ကြည်လေးရဲ့ညီမ ဦးလေး ”

” ဆရာ . . . သမီးလက်ကို ကြည့်ပေးပါဦး . . ဂဏန်းကိုက်တာ နာနေတယ် . . ”

” ဂဏန်း ညှပ်တာပါဟာ . . နင်ကလဲ . . . ”

” ဘယ်လို ဖြစ်ကြတာတုန်း . . . ”

ဦးဘတုတ်မိန်းမက အခြေအနေကို ဝင်မေးသည်။

” ဒီနေ့ . . ကြည်လေးမွေးနေ့ အဒေါ်ရ . .။ သူက ဂဏန်းကြိုက်တော့ အလုပ်က ပြန်လာရင် စားရအောင် ချက်မလို့။ ကလေးအိပ်နေလို့ အသံတောင် မထွက်ရဲပါဘူး ဦးလေးရာ. .။ အိုးနဲ့ မဆန့်တော့ မရရအောင် ထည့်နေတုန်း ဒီကောင်မလေးလက်ကို ဂဏန်းညှပ်လိုက်တာ . . .။ အခုတော့ အစီအစဉ်တွေ ပျက်ပါပြီ ဦးလေးရာ . . . . ”

(စာဖတ်သူများ ပျင်းနေကြမှာစိုးလို့ ဟာသလေး တင်ပေးတာပါ)

ပြီးပါပြီ။

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top